Tuesday, January 29, 2013

နေစဉ်ဘဝ နေ့စဉ်အလှ (၁၀)

~ အထောက်အပံ့ ~
ဘဝက ငါ့ကို အချိန်အားလုံးမှာ ထောက်ပံ့နေတယ်ဆိုတာကို သိပြီး ငါဟာ သက်တောင့်သက်သာပါပဲ။
ငါ့ကို ဘဝက ထောက်ပံ့ပေးနေတယ်။


ဒီစကြဝဠာထဲမှာ ငါဟာ အထီးကျန်ဆန်တာမျိုးမရှိသလို တားမြစ်ပိတ်ပင်ထားခံရတာမျိုးလည်း မရှိဘူး။ ဘဝရဲ့အလုံးစုံက နေ့နေ့ညည တဒင်္ဂတိုင်းမှာ ထောက်ပံ့နေတယ်။ ပြီးပြည့်စုံတဲ့ဘဝအတွက် ငါလိုအပ်တာ အရာရာကို ငါ့အတွက် ထောက်ပံ့ပေးပြီးသား။ ငါ သက်တမ်းစေ့ ရှင်သန်နေဖို့ လုံလောက်တဲ့ အသက်ရှူစရာ ရှိတယ်။ ကမ္ဘာကြီးကို အစားအစာတွေ ပေါကြွယ်ဝစွာ ပံ့ပိုးထားတယ်။ ထိတွေ့ဆက်ဆံဆက်သွယ်ဖို့ သန်းပေါင်းများစွာသော လူတွေရှိတယ်။ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းမှာ ငါ့ကို ထောက်ပံ့ထားတယ်။ ငါတွေးသမျှ အတွေးတွေကို ငါ့အတွေ့အကြုံတွေထဲမှာ ငါ့အတွက် မှန်ပြန်ထိုးပြတယ်။ ဘဝက ငါ့ကို ဟုတ်ကဲ့လို့ အမြဲတမ်း ပြောတယ်။ ငါလုပ်ဖို့ လိုအပ်သမျှကတော့ ဒီ ပေါကြွယ်ဝမှုတွေနဲ့ အထောက်အပံ့တွေကို ပျော်ရွှင်မှု၊ သာယာမှု၊ ကျေးဇူးတင်မှုတွေနဲ့ လက်ခံဖို့ပဲ။ ငါ့ရဲ့ အကောင်းတွေကို ငြင်းဆန်မယ့် ယုံကြည်မှု ဒါမှမဟုတ် ပတ်တန်တွေအားလုံး ဘယ်အရာကိုမဆို ငါရဲ့ အသိစိတ်အတွင်းမှ လွှတ်ချပစ်တယ်။ ငါ့ကို ဘဝကိုယ်၌က ချစ်ခင်နှစ်သက် ထောက်ပံ့ပေးနေတယ်။ 




~ အထောက်အပံ့အုပ်စုများ ~
အသိသတိတရားမှာ ကြီးကြီးမားမား တိုးတက်မှုများကို ငါတို့တွေ အတူတူ လုပ်ကြတယ်။
ဘယ်နေရာကို ငါလှည့်လှည့် အကူအညီတွေရှိနေရဲ့။


လူမှုရေးရာ “စံ” အသစ်ဟာ အထောက်အပံအုပ်စုများ ဖြစ်တယ်။ ငါတို့တွေ တစ်သီးပုဂ္ဂလတွေအနေနဲ့ ရှိကောင်းရှိမယ့် ဘယ်ပြဿနာအတွက်မဆို အထောက်အပံ့အုပ်စုတွေရှိကြတယ်။ ကိုယ့်ကိုယ်ကိုယ်ကူညီတဲ့အုပ်စုတွေ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအုပ်စုတွေ၊ ဝိညာဉ်ရေးရာတိုးတက်မှုအုပ်စုတွေ ရှိကြတယ်။ ဒီအထောက်အပံ့အုပ်စုတွေဟာ ဘားဆိုင်တွေထဲမှာ အတူတူဝိုင်းထိုင်နေကြတာထက် အများကြီးပိုပြီးတော့ အကျိုးကျေးဇူးရှိတယ်။ အားလုံးကို ပုံဖော်နိုင်ဖို့ ငါတို့ဘာသာ ငါတို့ ရုန်းကန်နေစရာမလိုဘူးဆိုတာ ငါတို့ သင်ယူကြတယ်။ ငါတို့ရဲ့ ပတ်တန်တွေထဲမှာ ဆန္ဒပြနေရမယ် မဟုတ်ဘူး။ ငါတို့မှာရှိနေတဲ့ ပြဿနာမျိုးတွေရှိနေတဲ့ စိတ်တူကိုယ်တူလူတွေရဲ့ အုပ်စုဆီ ငါတို့ သွားရောက်နိုင်ပြီးတော့ အပြုသဘော၊ အပေါင်းလက္ခဏာဆောင်တဲ့ ဖြေရှင်းချက်တွေကို ရှာဖို့ ငါတို့ အတူတကွ အလုပ်လုပ်နိုင်တယ်။ တစ်ဦးချင်းစီတိုင်းကို ဂရုစိုက်တယ် ထောက်ပံ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အတိတ်ရဲ့ နာကျင်မှုတွေကို နောက်မှာချန်ထားခဲ့ဖို့ ငါတို့ လေ့လာသင်ယူတယ်ဆိုတာကို သိနေလျက်ပေါ့။ အတိတ်ကို အပြစ်မကင်းကြောင်းညည်းတွားနေရင်း၊ “အလွန်အမင်းမကြီးကျယ်လွန်းဘူးလား” ဆိုတဲ့ ဂိမ်းကစားနေရင်း၊ ကိုယ့်ကိုယ်ကိုယ်သနားဂရုနာသက်ခြင်း ငါတို့ ငုတ်တုပ်ထိုင်မနေကြဘူး။ ငါတို့တွေဟာ ခွင့်လွှတ်ဖို့ နည်းလမ်းရှာကြတယ်။ ငါတို့ဘဝတွေနဲ့ ရှေ့ဆက်ကြတယ်။ ငါက မင်းကို ထောက်ပံ့တဲ့အခါ၊ မင်းက ငါ့ကို ထောက်ပံ့တယ်။ ပြီးတော့ ငါတို့တွ အတူတကွ ကုသပျောက်ကင်းစေကြတယ်။


~ ဉာဏ်အလင်းပွင့်ခြင်း ~
ချစ်ခြင်းမေတ္တာအားဖြင့် အရာခပ်သိမ်းကို အသိသက်သေပြုတယ်။
ဉာဏ်အလင်းပွင့်ခြင်းဟာ တစ်နေ့ကို (၂၄) နာရီ ငါလုပ်တဲ့ အလုပ်ဖြစ်တယ်။


ချစ်ခင်ဖို့ရာ မေတ္တာထားဖို့ရာ နိုးထလာခြင်းဟာ မနက်ခင်းတိုင်းမှာ ငါလုပ်နေတဲ့အရာဖြစ်တယ်။ ငါ့စိတ်ကို ဆန့်ထုတ်ပြီးတော့၊ ဟော့ဒီလက်ရှိနေရာ ဟော့ဒီပစ္စုပ္ပန်တည့်တည့်မှာ ငါဟာ ခပ်သိမ်းလုံးစုံ ကုံလုံပြည့်ဝနေပြီးသားလို့ သဘောထား ဆောင်ရွက်ရတာကို ငါချစ်တယ်။ ငါလိုချင်တာရဖို့ ရုန်းကန်ရခြင်းတွေ၊ အတင်းဖျစ်ညှစ်လုပ်ဆောင်ရခြင်းတွေကို လွှတ်ချလိုက်တဲ့အခါ ငါ့နှလုံးသားဟာ ကောင်းခြင်းအဖြာဖြာအတွက် တံခါးဖွင့်လှစ် ခံယူလာတယ်။ ငါလိုအပ်တာဟူသမျှ၊ ငါလိုချင်တာဟူသမျှ ပြီးပြည့်စုံတဲ့ အချိန်၊ ပြီးပြည့်စုံတဲ့နေရာ၊ ပြီးပြည့်စုံတဲ့ အစီအစဉ်အတိုင်း ငါ့ဆီရောက်လာတယ်ဆိုတာ ငါသိတယ်။ စကြဝဠာကြီး ငါ့ဘက်မှာရပ်တည်နေတယ်ဆိုတာကို သိရတာ ငြိမ်းချမ်းအေးမြလိုက်တာ။ ငါ့အသိသတိတရားကို ငါ့ထက်ပိုမိုမြင့်မားတဲ့“ငါကိုယ်တိုင်”နဲ့ သပ္ပာယမျှနေစေတာကြောင့်၊ အတွေ့အကြုံ အမျိုးမျိုးမှာ ကံအမြဲကောင်းတယ်ဆိုတဲ့ စိတ်နေသဘောထားနဲ့ အလိုက်သင့်စီးမျောသွားတယ်။


~ မျှော်မှန်းခြင်းများ ~
ကျိုးကြောင်းမဲ့ချစ်ခြင်းမေတ္တာဟာ မျှော်မှန်းခြင်းတွေမပါတဲ့ ချစ်ခြင်းမေတ္တာမျှသာ အမှန်စင်စစ်ပါ။
ဘယ်သူဘယ်ဝါ သင်ဖြစ်နေတဲ့အတိုင်းလေးသာ ဖြစ်နေပါ။


ငါဖြစ်ရှိနေတဲ့အတိုင်း အတိအကျ ဟောဒီပစ္စုပ္ပန်တစ်ဒင်္ဂက ငါ့ကိုယ်ငါ ချစ်တယ်။ ငါ အဲဒီလိုချစ်တာကြောင့်၊ ငါ့ အစာအိမ် သက်တောင့်သက်သာဖြစ်နေတာကို ခံစားရတယ်။ ငါ့လည်ပင်းနဲ့ ကျောကုန်းက ကြွက်သားတွေ သူတို့ဘာသာ ညင်ညင်သာသာ အဆင်ပြေညီညွှတ်အောင်ညှိသွားတာ ခံစားရတယ်။ ကိုယ်အလေးချိန်မကျမချင်း ဒီလိုမှမဟုတ်လည်း အလုပ်အကိုင်၊ ချစ်သူ၊ ငွေ သို့မဟုတ် ဘာပဲဖြစ်ဖြစ် မရမချင်း စောင့်စားရမယ်လို့ ယုံကြည်ရင်း၊ ကိုယ့်ကိုယ်ကိုယ် လက်ခံဖို့၊ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ဖို့ရာ ငါဟာ ခုခံငြင်းဆန်နေလေ့ရှိခဲ့တယ်။ ငွေရတဲ့အခါ ဒါမှမဟုတ် ကိုယ်အလေးချိန်ကျတဲ့အခါ ဘာဖြစ်လဲဆိုတော့ . ငါ့ကိုယ်ငါ မချစ်သေးဘဲနဲ့ တခြားစာရင်းတစ်ခု ထပ်လုပ်တာမျှသာပဲ။ ဒီကနေ့၊ ငါရဲ့ မျှော်မှန်းချက်တွေစာရင်းကို ငါ လွှတ်ချလိုက်တယ်။ ဒီတစ်ဒင်္ဂလေးဟာ အံ့သြဘနန်း စွမ်းအားကြီးမားလိုက်တာ။ ဘယ်သူဘယ်ဝါ ငါဖြစ်နေတဲ့သူ ဖြစ်နေဖို့ရာ ငါ့ကို ခွင့်ပြုထားလိုက်ခြင်းရဲ့ ခံစားချက်ကို ငါ နှစ်ခြိုက်ပျော်ရွှင်နေတယ်။    


~ ပန်းတိုင်များ ~
ငါ့ပန်းတိုင်ကတော့ ငါ့ကိုယ်ငါ မနေ့ကထက် ဒီကနေ့ ပိုပြီး ချစ်ဖို့ပဲ။
ငါ့ပန်းတိုင်ကတော့ “အခု” တစ်ဒင်္ဂတိုင်းနဲ့ မေတ္တာသက်ဝင်ချစ်ခင်နေဖို့ပဲ။


အိမ်မှာပဲနေနေ၊ ကမ္ဘာတစ်လွှားပဲ ခရီးသွားသွား၊ ရုံးကိုပဲသွားသွား၊ ဈေးကိုပဲသွားသွား၊ ချစ်ခြင်းမေတ္တာတရားကို ငါ့နေ့စဉ်အလုပ်စာရင်းထဲမှာါငါထည့်ထားပါတယ်။ ကမ္ဘာကြီးကို ကူညီကုသပျောက်ကင်းစေဖို့ဟာ ဘဝထဲက ငါတို့ ရည်ရွယ်ချက်တွေအနက်က တစ်ခုပါ။ ငါတို့ကမ္ဘာကြီးရဲ့ အလည်ဗဟိုဟာ ငါတို့ရှိနေတဲ့နေရာ။ ငါတို့အတွေးတွေဟာ ရေကန်ထဲက လှိုင်းဂယက်တွေပမာ ငါတို့ဆီက ထွက်သွားတယ်။ ကာရန်ကျစည်းချက်ညီ နရီကိုက်တဲ့ အတွေးတွေကို တွေးတောခြင်းအားဖြင့် ကိုယ့်ကိုယ်တွင်းမှာ ညီညွှတ်မှုကို ငါတို့ဖန်တီးတဲ့အခါ၊ အဲဒီစွမ်းအင်ဟာ ငါတို့ဆီကနေ ကမ္ဘာကြီးထဲကို ထွက်သွားပြီးတော့ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေကို လိုက်လံထိတွေ့တော့တာပေါ့။ ဒီ တုန်ခါမှုတွေကို ခံစားကြတယ်။ တုံ့ပြန်ကြတယ်။ ငါတို့ဟာ ညီညွှတ်မှုတွေ ချစ်ခြင်းမေတ္တာတွေကို အလင်းဖြာနေတယ်ဆိုတာ သေချာကြရအောင်ပါ။



မှတ်ချက်။........။ 

အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  

အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။ 
 

  

No comments: