Friday, February 22, 2013

နေစဉ်ဘဝ နေ့စဉ်အလှ (၁၂)

 ~ မသိစိတ် ~
ငါ့ရဲ့ မသိစိတ်ကို ငါက သိစိတ်ရှိရှိ ဆက်သွယ်တယ်။
ငါ့ရဲ့ မသိစိတ်ကို မြတ်နိုးကြင်နာ ချစ်ခင်စရာ သတင်းစကားတွေနဲ့ ငါ အစီအစဉ်သွင်းတယ်။

ငါရဲ့ မသိစိတ်ဟာ သတင်းအချက်အလက်တွေကို သိုလှောင်ရာဌာနဖြစ်တယ်။ ငါပြောသမျှ၊ ငါတွေးသမျှကို သူက မှတ်တမ်းယူထားတယ်။ ငါက အနုတ်လက္ခဏာဆောင်တာတွေ ထည့်လိုက်ရင်၊ အနုတ်လက္ခဏာဆောင်တာတွေ ငါပြန်ရတယ်။ ငါက အပြုသဘောဆောင်တာတွေ ထည့်လိုက်တဲ့အခါ၊ အပြုသဘောဆောင်တာတွေ ငါ ပြန်ရတယ်။ ဒါကြောင့် ငါ့အတွက် အကျိုးကျေးဇူးများမယ့် အတွေ့အကြုံတွေကို ထုတ်လုပ်ပေးတဲ့ အပြုသဘောဆောင်တဲ့၊ ချစ်ခင်မြတ်နိုးစရာဖြစ်တဲ့၊ မြှင့်တင်ပေးတဲ့ သတင်းစကားတွေကိုသာ ငါ့မသိစိတ်ကို ကျွေးဖို့ရာ ငါ သိစိတ်ရှိရှိ ရွေးချယ်တယ်။ ငါ့ကို ကန့်သန့်တားမြစ်တဲ့ ဘယ် အတွေး၊ ဘယ်အကြံဉာဏ်၊ ဘယ်ယုံကြည်မှုကိုမဆို အခု ငါ စွန့်လွှတ်ပစ်လိုက်တယ်။ ငါ့မသိစိတ်ကို ငါ့ဘဝထဲမှာ အံ့သြဖွယ်အကောင်းဆုံး၊ အကြီးပွားအချမ်းသာဆုံး၊ ပျော်ရွှင်ဖွယ်အကောင်းဆုံး အခြင်းကိစ္စတွေကို ဖန်တီးတဲ့ ယုံကြည်မှုအသစ်တွေနဲ့ ငါက အစီအစဉ်ပြန်သွင်းတယ်။

 
~ ချစ်ခြင်းမေတ္တာ ~
ငါ့မှာ မျှဝေဖို့ရှိနေတဲ့ ချစ်ခြင်းမေတ္တာမှာ ငါ အားရဝမ်းသာလိုက်တာ။
ငါဟာ ရွှန်းလဲ့တောက်ပနေတဲ့ ချစ်ခြင်းမေတ္တာ သတ္တဝါပေါ့။

ငါရဲ့ ဖြစ်ရှိနေခြင်း အလယ်ဗဟို ဟိုးနက်နက်ရှိုင်းရှိုင်းမှာ ချစ်ခြင်းမေတ္တာရဲ့ အကန့်အသတ်မဲ့တဲ့၊ အတိုင်းအဆမဲ့တဲ့ ထောက်ပံ့စရာတွေ ရှိနေတယ်။ ဒီဘဝ ဒီခန္ဓာမှာ ငါ ဘယ်လိုမှ ကုန်အောင် သုံးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ချစ်ခြင်းမေတ္တာကို ငါ ချွေတာနေဖို့ မလိုဘူး။ ငါ အမြဲတမ်း ရက်ရောနိုင်တယ်။ ချစ်ခြင်းမေတ္တာဟာ ကူးစက်လွယ်တယ်။ ငါက ချစ်ခြင်းမေတ္တာကို မျှဝေလိုက်တဲ့အခါ၊ ချစ်ခြင်းမေတ္တာဟာ ငါ့ဆီကို ဆတိုးပွားပြီး ပြန်လာတယ်။ ငါက ချစ်ခြင်းမေတ္တာတွေ များများပေးလေလေ၊ ငါ့မှာ ချစ်ခြင်းမေတ္တာတွေ များများ ရှိလာလေလေပဲ။ ချစ်ခြင်းမေတ္တာတွေပေးဝေသူဖြစ်ဖို့ရာ ဒီဘဒ္ဒကမ္ဘာကို ငါလာခဲ့တာ။ ချစ်ခြင်းမေတ္တာ အပြည့်အဝနဲ့ ငါရောက်လာခဲ့တာ။ ငါ့ဘဝတစ်လျောက်လုံး ချစ်ခြင်းမေတ္တာတွေကို မျှဝေမှာဖြစ်ပေမယ့် ငါ ဒီကမ္ဘာကို စွန့်ခွာတဲ့အခါ ငါ့မှာ ပြည့်ဝ ပျော်ရွှင်နေတဲ့ နှလုံးသားရှိနေလိမ့်ဦးမယ်။ အကယ်၍ ငါက ချစ်ခြင်းမေတ္တာတွေကို ပိုပြီးလိုချင်တယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာကို ပေးဖို့ပဲ ရှိတယ်။ ချစ်ခြင်းမေတ္တာဟာ ငါ၊ ငါဟာ ချစ်ခြင်းမေတ္တာ။


~ မြင်ကွင်းသစ် ~
တစ်ဒင်္ဂ ခဏတိုင်းဟာ စတင်ခြင်းအသစ်တစ်ခုပါ။
တွေးတောခြင်းနည်းလမ်းအသစ်တွေကို ငါနှစ်ခြိုက်တယ်။

အတွေးအခေါ်အဟောင်းတွေနဲ့ စဉ်းစားတွေးတောမှုနည်းလမ်းအသစ်တွေကြား ဟိုဘက်သွားရမလား ဒီဘက်သွားရမလား ဖြစ်နေတာတွေ အများကြီးကို ငါတို့ လုပ်နေကြတယ်။ ဒီဖြစ်စဉ်တစ်လျောက်မှာ ကိုယ့်ကိုယ့်ကိုယ် အောင့်အည်းသည်းခံပါ။ ကိုယ့်ကိုယ့်ကိုယ် ထိုးနှက်နေလို့ကတော့ တန့်နေ၊ ရပ်နေရုံပဲရှိမပေါ့။ အဲဒီလိုလုပ်မယ့်အစား ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ပါလား။ သင်ပြောသမျှ သင်တွေးသမျှဟာ သင်အတည်ပြုအခိုင်အမာပြောဆိုလိုက်တာပဲ။ သင့်စကားလုံးတွေ၊ သင့်အတွေးတွေကို တကယ်ကို အသိရှိရှိ သတိထားကြည့်ပါ။ အဲဒါတွေအမြောက်အများဟာ အလွန်အင်မတန် အဆိုးမြင် အနတ်လက္ခဏာဆောင်နေကြတာ သင် ရှာဖွေတွေ့ရှိပါလိမ့်မယ်။ လူတွေတော်တော်များများဟာ ဘဝကို အနုတ်လက္ခဏာဆောင်တဲ့ မျက်လုံးတွေကတစ်ဆင့် ချဉ်းကပ်ဖို့ ကြံရွယ်ကြတယ်။ မိုးရွာတဲ့နေ့လို သာမန်အခြေအနေတစ်ခုကို သူတို့က “ဒုက္ခကြီးမား ဘယ်လောက်ဆိုးရွားလိုက်တဲ့ နေ့လဲ” ဆိုတာမျိုး ပြောကြတယ်။ ဒါဟာ ဒုက္ခကြီးမား ဆိုးရွားတဲ့နေ့ မဟုတ်ပါဘူး။ စိုစွတ်တဲ့နေ့တစ်နေ့ပါ။ အံ့သြဘနန်းနေ့တစ်နေ့ကို ဖန်တီးဖို့ဆိုတာ တစ်ခါတစ်ရံမှာ အဲဒီနေ့ကို သင်ကြည့်မြင်ပုံမှာ နည်းနည်းလေး အပြောင်းအလဲ လုပ်လိုက်ရုံပါပဲ။ တစ်စုံတစ်ခုကို ဟောင်းနွမ်းတဲ့၊ မကောင်းတဲ့၊ အနုတ်လက္ခဏာဆောင်တဲ့ သင်ကြည့်မြင်ပုံနည်းလမ်းကို စွန့်လွှတ်လိုက်ဖို့ စိတ်ဆန္ဒရှိပါ။ ပြီးတော့ အဲဒါကို သစ်လွင်တဲ့ ကောင်းမွန်တဲ့ အပေါင်းလက္ခဏာဆောင်တဲ့ နည်းလမ်းနဲ့ ကြည့်မြင်လိုက်ပါ။


~ သတင်း ~
သတင်းကောင်းတွေကို ငါ ဖြန့်တယ်။
အပြုသဘောဆောင်တဲ့ သတင်းတွေကို ငါ စိတ်ကူးပုံဖော်တယ်။

ကပ်ဆိုးတွေအကြောင်း အများကြီးကို သတင်းတွေထဲမှာ ငါတို့ ဖတ်ကြတယ်။ ငါတို့ သိစိတ်ကို နစ်မြှုပ်နေစေတဲ့ သတင်းဆိုးတွေ အများကြီးပဲ။ တစ်ချိန်လုံး သတင်းတွေ ဖတ်နေ၊ နားထောင်နေရင်၊ သင့်ကိုယ့်သင် ခြောက်လှန့်ဖို့ရာ သေချာနေပြီ။ ငါ သတင်းစာ မဖတ်တော့တာ တော်တော်ကြာနေပြီ။ ငါသိဖို့ လိုအပ်တဲ့ သတင်းတစ်ခုခုဆို၊ ငါ့ကို တစ်ယောက်ယောက်က လာပြောမှာပဲ။ မီဒီယာတွေက သူတို့ ကုန်ပစ္စည်းတွေကို ရောင်းချင်ပြီးတော့ ငါတို့ စိတ်ဝင်စားမှုကို အမိဖမ်းဖို့ အဆိုးရွားဆုံးသော ဇာတ်ကွက်ကို တူးဖော်ကြတယ်။ မီဒီယာက ငါတို့ကို သတင်းကောင်း အနည်းဆုံး (၇၅) ရာခိုင်နှုန်းမပြောမချင်း သတင်းတွေအားလုံးကို သပိတ်မှောက်တာ ငါကြည့်မြင်ချင်တယ်။ ဒါဟာ ဘဝကို ပိုပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ကြည့်မြင်ဖို့ ငါတို့အားလုံးကို တွန်းအားပေးလိမ့်မယ်။ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်မြင်သံကြားအသံလွှင့်ဌာနတွေကို စာရေးပြီးတော့ သတင်းကောင်းတွေ ပိုထည့်ပေးဖို့ တောင်းဆိုခြင်းဖြင့် ငါတို့ စတင်နိုင်တယ်။ အပြုသဘောဆောင်တဲ့ သတင်းတွေဖြစ်ပျက်နေတာကို ငါတို့တွေ အတူတကွ စိတ်ကူးပုံဖော်နိုင်ပြီးတော့ အနုတ်လက္ခဏာဆောင် မကောင်းတဲ့ တင်ပြချက်တိုင်းမှာ ပုံးကွယ်နေတဲ့ ချစ်ခြင်းမေတ္တာအတွက် တောင်းဆိုငိုယိုနေသံကို ငါတို့ ကြားနိုင်တယ်။

 
~ ပြီးပြည့်စုံတဲ့ အစီအစဉ် ~
အလွန်နက်ရှိုင်းတဲ့ အနေအထားတစ်ခုမှာ ငါ့ဘဝဟာ အစီအစဉ်ကျစွာ ရှိနေတယ်။
စကြဝဠာကြီးဟာ ပြီးပြည့်စုံတဲ့ အစီအစဉ်ထဲမှာ။

နေ၊ လ နဲ့ ကြယ်တာရာတွေ အားလုံးဟာ ပြီးပြည့်စုံ ကောင်းမွန်မှန်ကန်တဲ့ အစီအစဉ်ထဲမှာ လည်ပတ်လှုပ်ရှားနေကြတယ်။ သူတို့ရဲ့ ပတ်လမ်းတွေမှာ ရည်ရွယ်ချက်တွေ၊ စည်းချက်ညီနရီကိုက်မှန်မှန်လှုပ်ရှားနေမှုတွေ၊ အစီအစဉ်တွေရှိကြတယ်။ ငါဟာ စကြဝဠာကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါကြောင့် ငါ့ဘဝမှာ ရည်ရွယ်ချက်တွေ၊ စည်းချက်ညီနရီကိုက် မှန်မှန်လှုပ်ရှားနေမှုတွေ၊ အစီအစဉ်တွေရှိကြတယ်ဆိုတာ ငါသိတယ်။ တစ်ခါတစ်ရံ ငါဘဝမှာ ကမောက်ကမ ဖြစ်နေသလိုမျိုး ထင်ရပြီးတော့ ကမောက်ကမ ဖြစ်နေရာက ပြန်ထွက်လာတဲ့အခါ အဲဒီမှာ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုရှိနေတာ ငါသိတယ်။ ငါ့စိတ်ကို အစီအစဉ်တကျထားပြီးတော့ ငါ့ရဲ့သင်ခန်းစာတွေကို လေ့လာသင်ယူတာကြောင့်၊ ကမောက်ကမဖြစ်နေတာတွေ ပျောက်ကွယ်သွားပြီးတော့ အစီအစဉ်ကျမှုတွေ ပြန်ရောက်လာတယ်။ ငါ့ဘဝဟာ ပြီးပြည့်စုံ ကောင်းမွန်တဲ့ အစီအစဉ်ထဲမှာ တကယ်ပဲ ရှိနေတယ်ဆိုတာကို ငါ ယုံကြည်တယ်။ ငါ့ကမ္ဘာမှာ အရာရာဟာ ကောင်းမွန်စွာ။


 
မှတ်ချက်။.........။ 

အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  

အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။ 

Saturday, February 9, 2013

နေစဉ်ဘဝ နေ့စဉ်အလှ (၁၁)

~ အပြစ်မကင်း ရှက်ရခြင်း ~
ငါရဲ့ လွတ်လပ်မှုကို ငါ တန်ဖိုးထားတယ်။ ဒါကြောင့် “အပြစ်မကင်း ရှက်ရခြင်း” ကို ငါ ပေးလည်း မပေးသလို၊ ယူလည်း မယူဘူး။
ငါဖြစ်ရှိနေတဲ့အတိုင်း အတိအကျ ငါ့ကိုယ်ငါ ငါ လက်ခံတယ်၊ ချစ်တယ်။
 

“အပြစ်မကင်း ရှက်ရခြင်း” ကို ဖြေလျှော့လွှတ်ချပစ်ဖို့အတွက် ဒါဟာ ကောင်းမွန်တဲ့ အခိုင်အမာအတည်ပြုပြောဆိုချက်ဖြစ်တယ်။ ကလေးတစ်ယောက်အနေနဲ့၊ အပြုအမူကောင်းတွေထဲကို “အပြစ်မကင်း ရှက်ရခြင်း”ကို ဖြတ်ပြီး ကြိုးကိုင်ခံခဲ့ရတယ်။ “အဲဒီလို မဖြစ်စေနဲ့။” “အဲဒါ မပြောနဲ့။” “မလုပ်ရဘူး။ မကိုင်ရဘူး။ မသွားရဘူး။” ဘာသာတရားကလည်းပဲ လူတွေဆိုးသွမ်းရင် ငရဲမှာ မီးလောင်ကျွမ်းလိမ့်မယ်လို့တောင် ပြောပြီးတော့ လူတွေကို ထိန်းကျောင်းဖို့ “အပြစ်မကင်း ရှက်ရခြင်း” ကို သုံးတယ်။ ဘုရားကျောင်းတွေနဲ့ ဘုရားကျောင်းအာဏာပိုင်တွေကို ငါ ခွင့်လွှတ်တယ်။ ငါ့ကိုယ်ငါ ခွင့်လွှတ်ဖို့နဲ့ ငါ့မိဘတွေကို ခွင့်လွှတ်ဖို့ ငါ ရွေးချယ်တယ်။ ငါတို့အားလုံးဟာ ဘယ်အကြောင်းပြချက်အတွက်မဆို “သိပ်မကောင်းသေးဘူး” လို့ ခံစားကြရင်း အလွန်အင်မတန်လေးလံတဲ့ “အပြစ်မကင်း ရှက်ရခြင်း” ဝတ်ရုံကြီးအောက်မှာ ရှင်သန်နေထိုင်နေကြတယ်။ ဒါဟာ နေ့သစ်ဖြစ်တယ်။ ငါတို့ရဲ့ စွမ်းအင်ကို ပြန်ယူကြပါစို့။ ငါကိုယ်ငါ အကြောင်းမဲ့ အကြွင်းမဲ့ လက်ခံချစ်ခင်ခြင်းအားဖြင့် ငါ စတင်တယ်



~ အတင်းအဖျင်း ~
သတင်းကောင်းတွေကိုပဲ ငါ ဝေမျှတယ်။
ငါဟာ အကောင်းဆုံးသော ပြောဆိုဆက်သွယ်ဆက်ဆံသူ ဖြစ်တယ်။

အတင်းအဖျင်းမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ချင်းစီတိုင်းကို အတင်းအဖျင်းက ထိခိုက်နာကျင်စေတာကို သိမြင်လာတာနဲ့၊ အတင်းအဖျင်းပြောတာကို ရပ်တန့်ဖို့ ငါဆုံးဖြတ်ခဲ့ပြီးတော့၊ သီတင်းပတ် (၃) ပတ် ဘယ်သူ့ကိုမှ ဘာမှ ပြောစရာမရှိခဲ့တာကို ငါ ရှာဖွေတွေ့ခဲ့တယ်။ ဒါကြောင့် ငါ့အပေါင်းအဖော်တွေနဲ့ပတ်သက်ပြီး ကောင်းကောင်းပြောတယ်ဆိုရင် ဒါဟာ အကောင်းဆုံးပဲဆိုတာကို ငါ သင်ယူလေ့လာပြီးသွားပြီ။ ပြီးတော့၊ ဘဝရဲ့နိယာမအားဖြင့် သူတို့လည်းပဲ ငါနဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်းပြောကြတယ်။ ဒီနည်းလမ်းနဲ့ ကောင်းမွန်တဲ့ တုန်ခါမှုတွေဟာ ငါ့ကို အဖော်ပြုကြပြီး၊ ဘယ်ကိုပဲသွားသွား ကောင်းမွန်တဲ့တုန်ခါမှုတွေက ငါ့ကို နှုတ်ခွန်းဆက်ကြတယ်။ အခြားလူတွေနဲ့ ပတ်သက်ပြီး ထည့်သွင့်းစဉ်းစားဖို့ အချိန်ယူရခြင်းကို ငါ ကြိုက်တယ်။ လူတွေကို စိတ်ထက်သန်တက်ကြွစေတဲ့၊ မြှင့်တင်ပေးတဲ့ နည်းလမ်းနဲ့ ပြောဆိုဆက်သွယ်ခြင်းကို ငါ အကြွင်းမဲ့ ခံတွင်းတွေ့တယ်။ ငါတို့ ပေးလိုက်တဲ့ဟာဟာ ငါတို့ဆီကို ပြန်လာတယ်ဆိုတာကို သိတာကြောင့်၊ ငါသုံးတဲ့ စကားလုံးတွေကို ငါ သတိထားပြီး ရွေးချယ်တယ်။ အနုတ်လက္ခဏာဆောင် မကောင်းတဲ့ ပုံပြင်ဇာတ်လမ်းတွေကို ငါကြားရတယ်ဆိုရင်၊ အဲဒါကို ငါ ဒုတိယမ္ပိ၊ တတိယမ္ပိ မလုပ်ဘူး။ အပေါင်းလက္ခဏာဆောင် ကောင်းတဲ့ ပုံပြင်ဇာတ်လမ်းကို ကြားရရင်၊ လူတိုင်းကို ငါ လိုက်ပြောတယ်။




~ အားလပ်ရက်များ ~
အားလပ်ရက်တွေဟာ ငါ့အဖို့ ပျော်ရွှင်တဲ့အချိန်တွေပေါ့။
နေ့စဉ်နေ့တိုင်းဟာ မွန်မြတ်သန့်စင်တဲ့ နေ့ဖြစ်တယ်။


ဘာသာရေးဆိုင်ရာ၊ အများပြည်သူဆိုင်ရာ အားလပ်ရက်တွေဆိုတာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပွဲလမ်းတွေဆင်ယင်ဖို့၊ ဘဝရဲ့ဖြစ်စဉ်တွေကို စမြုံ့ပြန်ဖို့ရာ အချိန်တွေပါ။ အားလပ်ရက်တစ်ရက်ချင်းစီတိုင်းမှာ ငါ့အတွက် မှန်ကန်တဲ့အရာကိုလုပ်နေရင်း မှန်ကန်တဲ့နေရာ၊ မှန်ကန်တဲ့အချိန်မှာ ငါ ရှိနေတယ်ဆိုတာကို အမြဲတမ်းသိနေပြီးတော့ ငါ့အစ္ဈတ္တအသံကို ငါ လိုက်နာတယ်။ ပါတီတွေမှာ အားလပ်ရက်တွေ့ဆုံပွဲတွေမှာ ငါ ပျော်ရွှင်တယ်။ အဲဒီညနေခင်းမှာပဲ အချိန်ကောင်းလေး ဘယ်လိုရရမယ်၊ ဘယ်လို တာဝန်ယူစိတ်ရှိရမယ်၊ ဘယ်လို ဘေးကင်းလုံခြုံရမယ် ဆိုတာတွေအားလုံးကို ငါ သိတယ်။ ငါရဲ့ မြောက်မြားစွာသော ကောင်းချီးမင်္ဂလာတွေအတွက် ကျေးဇူးတင်တဲ့အချိန်ရှိတယ်၊ ပြီးတော့ ရယ်မောတဲ့ အချိန်ရှိတယ်။ ငါ့ စိတ်နှလုံးသား ဟိုး အစ္ဈတ္တထဲက ကလေးလေးနဲ့ ငါ ဆက်သွယ်ပြီးတော့ ငါတို့တွေ အတူတကွ တစ်ခုခုလုပ်ကြတယ်။ ငါတို့ နှစ်ယောက်တည်းပဲ။ အားလပ်ရက်လက်ဆောင်တွေအတွက် ဈေးဝယ်ထွက်တဲ့အခါ ငါလိုချင်တာတွေကို ငါတတ်နိုင်တဲ့ဈေးနဲ့ လွယ်လွယ်ကူကူ ဝယ်ယူတယ်။ လူတိုင်းက ငါပေးတဲ့လက်ဆောင်တွေကို ကြိုဆိုကြတယ်။ 


~ ဟာသဉာဏ် ~
ရယ်မောရတာကို ငါ ချစ်တယ်။
ငါ့ဟာသဉာဏ်ကို ငါ ဉာဏ်ကြီးကြီးနဲ့ အသုံးပြုတယ်။

မသိစိတ်မှာ ရယ်ရွှင်စရာနဲ့ ပတ်သက်ပြီးတော့ အာရုံခံစားမှု မရှိဘူး။ တကယ်လို့ ငါက ငါ့အကြောင်းကိုငါ ဟာသလုပ်တယ် ဒါမှမဟုတ် ငါ့ကိုယ်ငါ နှိမ့်ချတယ် ပြီးတော့ တွေးရုံလေးပဲ တွေးတယ်၊ အိုး ... ဒါ ဘာကိုမှ မရည်ရွယ်ဘူး၊ ငါ့ကိုယ်ငါ နောက်ပြောင်နေတာမျှသာပဲ၊ ငါ့မသိစိတ်က အဲဒါကို အစစ်အမှန်တရားအဖြစ် လက်ခံပြီးတော့ လိုက်လျောညီထွေအလျဉ်းသင့်စွာ ဖန်တီးတော့တာပေါ့။ တကယ်လို့ ငါက သူများအကြောင်း နှိမ့်နှိမ့်ချချ ဒါမှမဟုတ် ကျင့်ဝတ်ထိခိုက်တဲ့ လှောင်ပြောင်မှုတွေလုပ်တယ်ဆိုရင် “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာသည်” ဆိုတဲ့ နိယာမအောက်မှာ ငါဟာ ရှိနေဆဲပဲ။ ဒါကြောင့် ငါ့ရဲ့ ဟာသဉာဏ်ကို ဉာဏ်ကြီးကြီးနဲ့ ချစ်ခင်နှစ်သက်စွာ အသုံးပြုဖို့ ငါ သင်ယူလေ့လာခဲ့တယ်။ အခြားလူတစ်ယောက်ယောက် ဒါမှမဟုတ် အစုအဖွဲ့တစ်ခုခုကို သိက္ခာချစရာ အပုပ်ချစရာ မလိုအပ်တဲ့ ဟာသတွေ ဘဝမှာ အများကြီးပါ။ ဟာသလုပ်ခြင်းမှာတောင်၊ ကမ္ဘာကြီးကို ပိုမို ချစ်ခင်စရာကောင်းတဲ့ ပိုမိုဘေးကင်းလုံခြုံတဲ့ နေစရာနေရာတစ်ခုဖြစ်အောင် ငါတို့ဟာ ကူညီလုပ်ဆောင်နေကြတာပါ။


~ ကိုယ်ခံစွမ်းအား အဖွဲ့အစည်း ~
ငါ့အတွေးတွေဟာ ငါ့ရဲ့ ကိုယ်ခံစွမ်းအား အဖွဲ့အစည်းကို ထောက်ပံ့ပေးတယ် ကြံ့ခိုင်သန်စွမ်းစေတယ်။
ငါ့ခန္ဓာကိုယ်ဟာ ဉာဏ်ရည်ထက်မြက်မြင့်မားတယ်။
 

အကြောင်းမဲ့၊ အကြွင်းမဲ့ချစ်ခြင်းမေတ္တာရဲ့ ကောင်းမွန်တဲ့ခံစားမှုကို ငါ့ကိုယ်ငါ ပေးဖို့ဟာ နေ့စဉ်နေ့တိုင်းမှာ ပိုပိုပြီးတော့ လွယ်ကူ၊ လွယ်ကူလာနေတယ်။ ငါ ကောက်ယူလိုက်တဲ့အရာဟာ ငါ့ရဲ့ သတိ၊ အသိစိတ်ထဲမှာ ရှိနေတဲ့နေရာပေါ်မူတည်တယ်လို့ ငါ ယုံကြည်တယ်။ “ဘဝဟာ ခက်ထန်ပြီးတော့ ငါဟာ တုတ်ချောင်းရဲ့ တိုတဲ့အရင်းကို အမြဲတမ်းရတယ်” ဒါမှမဟုတ် “ဘယ်လိုပဲဖြစ်ဖြစ် ငါဟာ လုံးဝ မကောင်းဘူး၊ ဘာထူးခြားကွဲပြားမှုတွေ လုပ်မှာမို့လို့လဲ” လို့ ငါ ယုံကြည်ပါသလား။ တကယ်လို့ ငါ့ရဲ့ယုံကြည်မှုတွေဟာ ဒီစာကြောင်းတွေတစ်လျောက်မှာ ပြေးလွှားနေတယ်ဆိုရင် ငါရဲ့အတွေးတွေ ခံစားမှုတွေကို မှတ်ပုံတင်ထားတဲ့ ငါ့ရဲ့ ကိုယ်ခံစွမ်းအား အဖွဲ့အစည်းဟာ လျော့ကျသထက် လျော့ကျလာပြီးတော့ အဲဒီအချိန် အနားပတ်ဝန်းကျင်မှာရှိနေသမျှ ဘယ်လို ရောပါပိုးမွှားမျိုးကိုမဆို တံခါးဖွင့်ပေးထားတော့တာပေါ့။ “ဘဝဆိုတာ ပျော်ရွှင်မှုဖြစ်ပြီးတော့ ငါဟာ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ကာ ငါ့လိုအပ်ချက်တွေဟာ အမြဲတမ်း ပြည့်ဝပြည့်စုံတယ်” လို့ ငါ ယုံကြည်တယ်။ အဲဒီအခါ ငါ့ ကိုယ်ခံစွမ်းအား အဖွဲ့အစည်းဟာ အထောက်အပံ့ပေးတာကို ခံစားရပြီးတော့ ငါ့ခန္ဓာကိုယ်ဟာ ရောဂါတွေကို ပိုမိုလွယ်ကူစွာ တိုက်ထုတ်ပစ်လိမ့်မယ်။  



မှတ်ချက်။........။ 

အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  

အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။